Sunday, August 28, 2011

Steven Jobs က ဘယ်သူလဲ...

ယနေ့ခေတ်မှာ အရှိန်ပြင်းပြင်းနဲ့ အောင်မြင် ရေပန်းစားနေတဲ့ Apple Inc. ရဲ့ Chief Executive Officer ပဲပေါ့။ သူ့ရဲ့ဂုဏ်သတင်းကျော်ကြားမှုဟာ ဆန်းသစ် တီထွင်တတ်ခြင်းနဲ့ တီထွင်ဆန်းသစ်တဲ့ လုပ်ငန်းတွေကို အောင်မြင်စွာ ဦးဆောင်နိုင်ခြင်းတွေကြောင့်ပါပဲ။

Steven Jobs ကို ၁၉၅၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ်(စ်)ကိုမြို့ တွင် မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ မွေးစားမိဘများကတော့ Paul နဲ့ Clara Jobs တို့ပဲ ဖြစ်ပါတယ်။ Jobs ဟာ ကံမကောင်းစွာနဲ့ပဲ မိဘအရင်းတွေနဲ့ မနေခဲ့ရပါဘူး။ Jobs ရဲ့ မွေးအမေဟာ အိမ်ထောင်မရှိသေးတဲ့ ဘွဲ့လွန် ကျောင်းသူတစ်ယောက်ပါ။ ဒါကြောင့်လည်း Jobs ကို သူများကို
ပေးမွေးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သာမန် လက်ခံတာတော့မဟုတ်ပါဘူး။ သူ့သားကို ပညာတတ်တစ်ယောက်အဖြစ် ပြုစုပျိုးထောင်ပေးမယ့်၊ ယုံကြည်ရမယ့်သူ လက်ထဲကိုသာ ရွေးပြီး အပ်ချင်ခဲ့တာပါ။ အခု Jobs ကို မွေးစားထားတဲ့ မိဘများဟာဆိုရင်ပညာရေးပိုင်းမှာ အတော်လေး အားနည်းတာကြောင့် အစပိုင်း Jobs ကို မွေးစားရန်ပေးဖို့ကိုတောင်မှပဲ အချိန်တော်တော်ကြာစဉ်းစားခဲ့ပါတယ်။ နောက် မွေးစားမိဘတွေဘက်က collage ထားပေးပါ့
မယ်ဆိုတဲ့ ကတိကို အကြိမ်ကြိမ်ပေးတော့မှပဲ ပေးမွေးစားဖို့ သဘောတူပေးခဲ့ပါတယ်။

နောက် ၁၇ နှစ်အကြာမှာတော့ဟာ college ကျောင်း စ တက်ပြီပေါ့။ ဒါပေမယ့် သူဟာ လူငယ်သဘာဝ ကောင်းပေ့ဆိုတဲ့ စရိတ်ကြီးလွန်းလှတဲ့ college ကိုမှ ရွေးမိလိုက်တယ်ဗျ။ သူရွေးလိုက်တဲ့ Reed College ရဲ့ စရိတ်ကအခြေခံလူတန်းစားဖြစ်တဲ့ သူ ရဲ့မွေးစားမိဘများရဲ့ တစ်ဘ၀လုံး စုထား ဆောင်းထားတာလေးတွေ အကုန်သုံးရပါတယ်။ ဒါပေမယ့် Jobs ဟာ ခြောက်လကြာတဲ့အခါမှာ စရိတ်ကြီးလွန်းလှတဲ့အတွက် အပေးသာများပြီး အယူနည်းနေတယ်လို့ ထင်ခဲ့ပြီး ကျောင်းကထွက်ခဲ့ပါတယ်။

သူဟာ ကျောင်းကနေ ထွက်ခဲ့တယ်ဆိုပေမယ့် သူစိတ်ဝင်စားတဲ့ ဘာသာရပ်တွေကိုတော့ ကျောင်းမှာပဲ အချိန်ပိုင်းအလိုက် ဆက်လက်ဆည်းပူးခဲ့တယ်။ သူဟာ ကျောင်းကနေ ထွက်လိုက်တဲ့အတွက် အဆောင်နေစရာမရှိတော့ပါဘူး။ သူငယ်ချင်းတွေရဲ့ အခန်းမှာ လိုက်ကပ်အိပ်ပြီး နေရေးကို ဖြေရှင်း ရပါတယ်။ တစ်ဖက်ကလည်း Coke ဗူးခွံတွေကို ပြန်အပ်လို့ရတဲ့ ငွေ၅ဆင့်နဲ့ဗိုက်ဖြည့်ရပြီးစားရေးကို ဖြေရှင်းခဲ့ပါတယ်။ တနင်္ဂနွေနေ့ညတိုင်း ခုနှစ်မိုင်ဝေးတဲ့ Hare Krishna ဟိန္ဒူဘုရားကျောင်းမှာ ထမင်းတစ်နပ် အ၀သွားစားတယ်။

တစ်ချိန်တည်းမှာပဲ Reed College မှာရှိတဲ့ စာလုံးအလှရေးနည်း (Calligraphy) သင်တန်းကို တက် ရောက်ခဲ့ပါတယ်။ အဲဒီဘာသာရပ်ကို စနစ်တကျ စိတ်ပါဝင်စားစွာနဲ့ လေ့လာသင်ယူခဲ့ပါတယ်။ ဒီလို သင်ယူနေချိန်မှာတော့ ဒီပညာရပ်တွေကို ဘယ်လိုမျိုး အသုံးချရမယ်ဆိုတာ မသိသေးဘူးပေါ့လေ။ ဒါပေမယ့် နောင် ၁၀ နှစ်အကြာမှာ Macintosh ကွန်ပျူတာမှာ စာလုံးအလှရေးနည်းသင်တန်းက ပညာတွေကို သူအသုံးပြုခွင့်ရခဲ့ပါတယ်။ Jobs ဟာ ယခုနာမည်ကြီးနေတဲ့ Apple ကို စတင်တည်ထောင်ခဲ့တဲ့နေရာကို မှန်းကြည့်လိုက်ပါ။ ဘယ်နေရာလို့ ထင်ပါသလဲ။ သူ့မိဘတွေရဲ့ကားဂိုဒေါင်ထဲမှာ သူငယ်ချင်း Steve Woznik နဲ့ စပ်တူစတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက Jobs ဟာ အသက်နှစ်ဆယ်ပဲ ရှိပါသေးတယ်။ သူတို့ဘယ်လောက်အထိ ကြိုးစားခဲ့သလဲဆိုရင် ကားဂိုဒေါင်မှာစခဲ့တဲ့ Apple ဟာ၁၀ နှစ်အတွင်းမှာပဲ ဒေါ်လာ သန်းနှစ်ထောင်တန် ၀န်ထမ်းအယောက် လေးထောင်ရှိတဲ့ company တစ်ခု ဖြစ်လာခဲ့ပါတယ်။

Jobs ရဲ့ အကောင်းဆုံး တီထွင်မှုဖြစ်တဲ့ Macintosh ကို ဈေးကွက်တင်ပြီးချိန်မှာတော့ သူလည်း အသက် ၃၀ ပြည့်ခါနီးပြီပေါ့။ ဒါပေမယ့် Jobs ဟာ ကိုယ်ထောင်ခဲ့တဲ့ ကိုယ်ပိုင် Company ကနေပြီး မောင်းထုတ်ခံခဲ့ ရပါတယ်။ Company တစတစကြီးပွားလာတာနဲ့ အမျှစီမံခန့်ခွဲဖို့အတွက်ကို လူသစ် တစ်ယောက်ကိုခန့်ခဲ့ပါတယ်။ Pepsi မှာ လုပ်ခဲ့တဲ့ John Sculley ပါပဲ။ ပထမတစ်နှစ်လောက်တော့ အဆင်ပြေသေးတယ်။ နောက်ပိုင်းကျတော့ အတွေးအခေါ်တွေက မတူတော့ဘူး။ အငြင်းပွားတော့ ဒါရိုက်တာအဖွဲ့က Jobs ဘက်ကမရပ်တည်ပဲ Jobs ကို Company ကနေမောင်းထုတ်ခဲ့ပါတယ်။Jobs ဟာ စိတ်ဓာတ်တွေ ကျနေခဲ့တယ်။ အဲဒါက တစ်ခဏပါပဲ သူ ကွန်ပျူတာ အလုပ်ကို သံယောဇဉ်တော့ ရှိနေသေးတယ်။

အဲဒီ့နောက် "NeXT Computer Company” ကို ထပ်မံတည်ထောင်ခဲ့တယ်။ The Graphics Group (နောက် Pixarအဖြစ်နာမည်ပြောင်း ) ကိုလည်း ၀ယ်ယူခဲ့တယ်။ သူဟာ company အသစ်တည်ထောင်ချိန်မှာကျွမ်းကျင်တဲ့ engineers တွေနဲ့ ရောင်းချသူတွေကို Apple ကနေတစ်ပါတည်းခေါ်ထုတ်သွားပါတယ်။ အဲဒီ အတွက်လည်း Apple က သူ့ကိုတရားစွဲပါတယ်။ ဟောပြောပွဲတစ်ခုမှာသူ့ရဲ့ဇနီးလောင်း Laurene Powell နဲ့တွေ့ဆုံပြီး၁၉၉၁မှာ လက်ထပ်ခဲ့ပါတယ်။ Steve Jobs က အမြင်လှဖို့ကိုအထူးဂရုစိုက်တဲ့အတွက် NeXT computer တွေက ဈေးအရမ်းကြီးခဲ့ပါတယ်။

နောက်ဆုံး ကွန်ပျူတာတွေမရောင်းရတော့တဲ့အတွက် ဆက်မထုတ်နိုင်တော့ဘဲ software company အဖြစ် ရပ်တည်ရပါတယ်။ တစ်ခါ Pixar ကလည်း ဦးတည်ချက် ပျောက်ဆုံးနေပါတယ်။ Jobs က RenderMan လို့ခေါ်တဲ့ Advanced 3D Language ကို စတင်လုပ်ဆောင် ခဲ့ပါတယ်။ Jobs ဟာ သူလုပ်ချင်တဲ့ hardware Company ကို ပြန်ထူထောင်ဖို့ TV ကြော်ငြာ လုပ်ငန်းတွေမှာ ပါဝင်ပြီး အရင်းအန်ီး ရှာခဲ့ပါတယ်။ကံကောင်းမှု တွေက Toy Story 3D ကာတွန်းကို ထုတ်လုပ်ရာကစခဲ့ပါတယ်။ကာတွန်းကိုထုတ်လုပ်ပြီးရက်အနည်းငယ် အတွင်းမှာပဲ Pixar ကိုဈေးကွက်တစ်ဖန် ပြန်တင်နိုင်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ Pixar ဟာကမ္ဘာ့အအောင်မြင်ဆုံး ကာတွန်း စတူဒီယို ဖြစ်နေပါပြီ။ ၁၉၉၇မှာ Apple က Jobs ပိုင်တဲ့  NeXTကိုဝယ်ယူ လိုက်တော့ Jobs ဟာ သူချစ်တဲ့  Apple ကို တစ်ဖန်ပြန်လည်ဝင်ရောက် နိုင်ခဲ့ပါတယ်။ NeXT မှာအသုံးပြုတဲ့ Operating System က Apple ကိုပြန်လည် ဆန်းသစ်စေခဲ့တာဖြစ်ပါတယ်။

Apple ကို ပြန်ရောက်လာတဲ့ Jobs ဟာ Slogan အသစ်တစ်ခုကို စသုံးပါတယ်။ ဒါကတော့ ”Think Different” ဆိုတာပဲဖြစ်ပါတယ်။ သူက iMac G3 နဲ့ Power Book တွေကို အောင်မြင်စွာဖြန့်ချိနိုင် ခဲ့ပါတယ်။ အဲဒီနောက်မှာတော့အသစ် ပြန်လည် ဆန်းသစ်ထားတဲ့ iMac ကို ထုတ်လုပ်ခဲ့ပါတယ်။ iMac အောင်မြင်ခဲ့တာက ဆန်းသစ်လှတဲ့ အရောင်တွေနဲ့ ဒီဇိုင်းတွေကြောင့် ပါပဲဖြစ်ပါတယ်။ ဒီလိုနဲ့ သူကAppleရဲ့ယိမ်းယိုင်ခဲ့ အခြေအနေကိုပြန်လည်တည့်မတ်နိုင်ခဲ့ပြီး Appleအတွက် အရေးအကြီးဆုံးလူ တစ်ယောက်ပြန်ဖြစ် လာပါတယ်။။

Software ဘက်မှာ Microsoft ကအရှင်သခင်ဖြစ်လာတဲ့ အခါမှာ သူကကိုင်ဆောင်ရ လွယ်ကူပြီး ရုပ်ထွက် သေသပ်လှပတဲ့ ထိပ်တန်း animation နည်းပညာတွေ သုံးထားတဲ့ iPod, iPhone, iPad တွေကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ လက်ချောင်းကလေးများဖြင့် သဘာဝအတိုင်းထိတွေ့ အသုံးပြု နိုင်တဲ့အတွက် တစ်ကမ္ဘာလုံးက အံ့မခန်းဆန်းပြားတဲ့ လက်ဖ၀ါးစာ ကွန်ပျူတာငယ်လေးတွေကို အလွန် စိတ်ဝင်စားလာပါတယ်။ Appleရဲ့ အရှိန်အဟုန်ကို နှစ်ဆတိုး အောင်မြင်စေခဲ့ပါတယ်။ သူက Apple မှာ ထိပ်သီး designers, engineers, technicians နဲ့ operation officers တွေကို ခေါ်ယူ စုဆောင်းခဲ့ပါတယ်။ ပိုပြီး အုပ်ချူပ်မှုကိုအားဖြည့်နိုင်ဖို့ senior vice-president နေရာမှာ လူ ၆ ယောက်ကို ခေါ်ယူခဲ့ပါတယ်။Jobs ရဲ့ ထူးခြားချက်ကတော့ ပြိုင်ဘက် company တွေက software နဲ့ operation system တွေကို ထူးခြားအောင် ထုတ်လုပ်နေကြချိန်မှာသူက design လှပမှု နဲ့ engineering ပညာရပ်ပိုင်းဆန်းသစ်မှု တွေကိုဦးစားပေးစဉ်းစားခဲ့ခြင်းပဲ ဖြစ်ပါတယ်။

Jobs ဟာ Company ကို စသည့်အဆင့်ဆင့် အုပ်ချူပ်မှု မဟုတ်ပဲအားလုံး တစ်ပြေးညီ တက်ညီလက်ညီ“Horizontal and flat” ဆောင်ရွက်ကြခြင်းပင် ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း ဒီဇိုင်းတစ်ခု၊ ကိရိယာတစ်ခုထုတ်လုပ်ချိန်မှာ CEO တစ်ဦးဆိုပြီးခန့် ခန့်ကြီးမနေပဲ အောက်ခြေသိမ်း စနစ်တကျပါဝင် ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုအပြူအမူတွေဟာ ခေါင်းဆောင်ကောင်း တွေရဲ့ အရည်အချင်းတွေပဲဖြစ်ပါတယ်။ဆုံးဖြတ်ချက်တစ်ခု ချတော့မယ်ဆိုရင်လည်း ရာထူးအဆင့်ဆင့်က ပညာရှင်တွေအားလုံးနဲ့ စဉ်းစားပြီး ညီညာသော အဖြေတစ်ခု (general consensus)ကိုမှ Jobs က အလေးထားခဲ့ပါတယ်။ Jobs ဟာ တစ်ချိန်က ပြောကြားခဲ့ပါတယ်။အဲဒီအတွက်လဲ Jobs ဘ၀မှာ သူအကောင်းဆုံးကိုတတ်နိုင်သမျှ စိတ်ဓါတ်မကျဘဲလုပ်ဆောင်ခဲ့  ပါတယ်။

Apple ရဲ့ Structure ကို ပြောရမယ်ဆိုရင် ဦးခေါင်းနဲ့ အသည်းနှလုံးပဲရှိတဲစက်ရုံကြီးတစ်ခုလိုပါပဲ။ အဓိကဖြစ်သောတီထွင်မူတွေကို ဦးခေါင်းကနေ ထုတ်လုပ်ခဲ့ပြီး သူအောင်မြင်မယ်လို့ ခံစားမိသော ယှဉ်တုစရာ မရှိသော လုပ်ငန်းတွေကိုပဲ ဆောင်ရွက်ခဲ့သောကြောင့် ဖြစ်ပါတယ်။ ဒီလို ဦးခေါင်းကြီးနဲ့ အသည်းနှလုံးဆိုတဲ့ ခံစားမှုကို ဦးစားပေးတဲ့ စက်ရုံကြီးရဲ့ လောင်စာ (innovation) တီထွင်ကြံစနိုင်ခြင်းကတော့ အရေးပါဆုံး ဖြစ်ပါတယ်။

Steve Jobs ဟာ ပန်ကရိယကင်ဆာကို ကုသနေရတဲ့အတွက်လုပ်ငန်းကနေ မကြာခဏ အနားယူနေရပါတယ်။ Steve Jobs မရှိတော့တဲ့အခါ Apple ရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာမလဲ။ Apple ရဲ့ Innovation Engine ကြီးကို မောင်းနှင်နေတဲ့ခေါင်းတွဲကြီး ပြုတ်သွားရင်ဆက်ပြီးလည်ပတ်နိုင်ပါ့မလားလို့ အားလုံးကတွေးပူနေကြပြီလေ။

Written by:

Hnaung Kay, Min Thiha &Swe Zaw Oo
Dip in Business Studies Students
Strategy First Institute
(Premuim Program)

No comments:

Post a Comment